ပင်းတယ ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တမဲကျေးရွာအုပ်စု၊ တမဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟန်လင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား တမဲ ကျေးရွာအုပ်စုအတွင်းမှ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတက်ရောက်ပြီး ကျွမ်းကျင်သော နည်းပြဆရာမများဖြင့် ဩဂုတ်လ (၇)ရက်နေ့မှ စက်တင်ဘာလ (၆)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)