မိုင်းခတ် ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိုင်းခတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တခေမိန္ဒ (မဟာသဒ္ဒမ္မဇောတိကဓဇ) မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း(၅၆)ကျောင်းရှိ သံဃာတော်များနှင့် သာမဏေများ စုစုပေါင်း(၂၄၀)ပါးတို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး ဆက်ကပ်ရန်ကျန်ရှိသော တောင်ပေါ်ဒေသရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်၍ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)