ကလောမြို့နယ် အခြေခံပညာအထက်တန်း(ခွဲ)(လ-၁)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကလော ဩဂုတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး နိုင်ထက်လင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်စန်းစန်းယဉ်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ အတတ်ပညာနှင့်ကျင့်ဝတ် တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြော အတတ်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုဆက်လက် ကျင်းပရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အဋ္ဌမတန်း မဝင့်ယူပါဇော်က လူငယ်နှင့်စာရိတ္တနှင့် ဧကာဒသမတန်း မောင်ခန့်ထည်လင်းဟိန်းက လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁) ဧကာဒသမတန်းမှ မရွန်းလဲ့ရတီဦးက လူငယ်နှင့်အားကစားအကြောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဧကာဒသမတန်းမှ မောင်ကျော်မင်းခန့်က လူငယ်နှင့်အချိန်အကြောင်းနှင့် ဒသမတန်းမှ မောင်ကောင်းသန့်ဇာနည် က လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့်  ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ် အလိုက်သိရှိလိုများအား မေးမြန်းဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)