နောင်ချိုမြို့နယ် ကျောက်တော(စံပြ)ကျေးရွာ မိုးရာသီအလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နောင်ချို  ဩဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကျောက်တော(စံပြ)ကျေးရွာ၌ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မိုးရာသီအလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျောက်တော(စံပြ)ကျေးရွာ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကွင်းအတွင်းသို့ အားကစားသမားများ နေရာယူပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး   ဦးစစိုးမင်းချစ်က     အဖွင့်အမှာစကား      ပြောကြားခဲ့သည်။

၎င်းနောက် ကျောက်တော(စံပြ)ကျေးရွာ ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဌ ဦးသန်းလှိုင်က မိုးရာသီ အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းသားများအား ပြိုင်ပွဲစည်းကမ်းများနှင့် ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကာ နောင်ချိုမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မိုးမြင့်သူက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် ဘောလုံးသမားများအား ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်းနှင့် ကျောက်တော(စံပြ)ကျေးရွာ မိုးရာသီ အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ဘောလုံးအားကစား ပြိုင်ပွဲဝင်အသင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့ မွန်းတည့် ၁နာရီအချိန်မှ စတင်၍ ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)