မိတ္ထီလာ သြဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဒဟတ္တန်းကျေးရွာတွင် စိုက်ဧက ၂၀၀ ကို အကျိုးပြုမည့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိသည့် ပင်းတားဆည်တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ဒဟတ္တန်းကျေးရွာ၏ အရှေ့မြောက်ဘက်၊ ချောင်းကောက်ရေသောက်ဒေသ DY-1 ရေသောက်အောက်ဖျားပိုင်း၊ ကွက်ငယ်အုပ်စု ၁၀၈၃ ကွင်းနှင့် ၁၀၆၅ ကွင်းကြားရှိ ရှေ့ယခင်ကာလမှ တည်ရှိခဲ့သော ရိုးဟောင်းအတွင်းတွင် ၁၀၆၈၊ ၁၀၇၂ မြာကွင်းနှင့် ၁၀၆၆ ကန်တောင်ကွင်းတို့မှ ရွာသွန်းသောမိုးရေများနှင့် DY-1 WC-8,9,10,11မှ လျှံကျလာသော ရေဆိုးများသည် ရိုးဟောင်းအတွင်းစီးဆင်းရာမှ အကျိုးမဲ့စီးဆင်းမှုမဖြစ်စေရေးအတွက် ဒဟတ္တန်းကျေးရွာမှ တောင်သူဦးမောင်စိုးနှင့် တောင်သူအချို့မှ ငွေကျပ်သန်း ၂၀၀ ကျော် အကုန်အကျခံကာ ပင်းတားဆည်တစ်ခုကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဆည်ဘောင်ပေါ်မှ အနက်ပေ ၃၀၊ ဆည်ရေဝပ်ရေဝင်ဧရိယာ အရှည်ပေ ၅၀၀၀ ကျော် ဆည်ရေ ဝပ်ရေထိန်းထားမှု အကျယ်ဧက ၇၀ ရှိ ပင်းတားဆည်ကို တည်ဆောက်လျက်ရှိရာ ၎င်းပင်းတားဆည်မှာ ချောင်းကောက်ဆည်ရေ မြာအုပ်စုကွင်းများအား ရေပေးဝေချိန် ယင်းပင်းတားဆည်သို့ဝင်လာသော မိုးရေဖြင့် ကွက်ငယ်ကျေးရွာအုပ်စု ဒဟတ္တန်း ကျေးရွာအရှေ့ဘက် ချောင်းကောက်ဆည် ရေပိုအကူကွင်းအမှတ် ၁၀၈၃၊ ၁၀၈၄၊ ၁၀၆၄၊ ၁၀၆၅ ကွင်းများရှိ တောင်သူများအား ပျိုးထောင်ရေပေးနိုင်သည့်အပြင် မိုးဆက်လက်ရွာသွန်းပါက ပျိုးသက်ရေနှင့်စိုက်ရေကို အဆိုပါပင်းတားဆည်မှ ပေးဝေးနိုင်မည် ဖြစ်ကြောင်း တောင်သူဦးမောင်စိုးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)