ဘီးလင်း သြဂုတ် ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ဘိုးရာဇာရပ်ကွက်၊ အနောက်မင်္ဂလာလမ်း၊ မင်္ဂလာဈေးရှေ့ရှိ လုံးပတ် ၂၀ ပေ၊ အရှည် ၈၀ ပေခန့်ရှိ ကုက္ကိုပင်မှာ မြေသားပွကာ အမြစ်မှလန်၍ မင်္ဂလာဈေး ဆိုင်ခန်းများပေါ်သို့ပြိုလဲမှု ဖြစ်ပွားခဲ့သည်။ ကုက္ကိုပင်ပြိုလဲမှုကြောင့် မင်္ဂလာဈေးအတွင်းရှိ ဆိုင်ခန်း ၃၂ ခန်း ပျက်စီးခဲ့ရာ စုစုပေါင်း တန်ဖိုးငွေကျပ် ၉၈ သိန်းခန့် ရှုံးဆုံးမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
အဆိုပါ ပြိုလဲခဲ့သည့် ကုက္ကိုပင်ကြီးအား ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သူရိန်လင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဦးစီးဌာမှ ဈေးတာဝန်ခံ ဦးကျော်ကျော်ဦးနှင့်ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ စုပေါင်း၍ ကုက္ကိုပင်အား ရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)