တွံတေး သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်ပညာရေးမှူးရုံးတွင် ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အောင်စင်္ကြာကျောင်း ဆရာတော်ဘဒ္ဒန္တဂန္ဓမာထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် အောင်စင်္ကြာဆရာတော်နှင့်သံဃာတော်များက ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ပြီး အောင်စင်္ကြာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဂန္ဓာမာနှင့် သံဃာတော်အရှင်သူမြတ် (၅)ပါးတို့အား ခရိုင်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် ဆရာတော်ဟောကြားသော အနုမောဒနာတရားများကို ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီနှင့်ဝန်ထမ်းများ ဧည့်သည်တော်များက ကြည်ညိုမှတ်သားနာယူကြကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနားပရိတ်သတ်နှင့် ဧည့်သည်တော်များအား အဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
တွံတေးသား