ကွတ်ခိုင် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား (၁၇၃)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ (၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်နှင့် တာဝန်ရှိသူ များက အောက်တိုဘာ(၁၂)ရက်နေ့တွင် တာမိုးညဲနှင့် မုံးစီးကျေးရွာအုပ်စုအတွင်းရှိ မဲရုံများမှအထူးရဲ သင်တန်းသား (၅၃)ဦး၊ အောက်တိုဘာ(၁၃)ရက်နေ့တွင် နမ့်ဖက်ကာကျေးရွာ အုပ်စုအတွင်းရှိ မဲရုံများမှ အထူးရဲ သင်တန်းသား (၃၂)ဦးနှင့် ကွတ်ခိုင်မြို့ပေါ်နှင့် ရပ်ကွက်များအတွင်း ရှိမဲရုံများမှ အထူးရဲသင်တန်းသား (၅၂)ဦး စုစုပေါင်းအထူးရဲသင်တန်းသား (၁၃၇) ဦးတို့၏ နှာခေါင်းတို့ပတ် နမူနာများရယူကာ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့သည်။
အဆိုပါ သင်တန်းသားအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းနှင့် လာမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်၌ နောက်ဆုံးအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၂၉၇၀၇) ဦးရှိကာ လျာထားမဲရုံ (၁၃၄)ရုံရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)