လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဝါတွင်းကာလ တနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်းလှူပွဲ ကျင်းပ

လောက်ကိုင် ဩဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝါတွင်းကာလတွင်း ဆွမ်း၊ ကွမ်းများ ပြည့်စုံစွာဖြင့် သီတင်းသုံးနိုင်ရေးအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ဝါတွင်းကာလ တနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်းလှူပွဲ(ပထမအပတ်)ကို ယနေ့နံနက် (၈)နာရီအချိန်က လောက်ကိုင်မြို့ အမှတ်(၂) ရပ်ကွက်၊ အ.ထ.က(၁)​ ကျောင်းရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆွမ်းလောင်းလှူရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘုန်းတော်ကြီးကျောင်းအသီးသီးနှင့် သီလရှင်ကျောင်းများတွင် ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေနှင့်သီလရှင် စုစုပေါင်း ၃၀၉ ပါးတို့အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဒေသ/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများက ဆွမ်းဆန်တော်၊ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲအား ဝါတွင်းကာလအတွင်း အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချန်ထွန်းအောင်