ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် sunday stop အစီအစဉ်ဖြင့် ဩဂုတ်(၆)ရက်နံနက်(၉)နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အစားထိုး အင်ဖက်၊ ငှက်ပျောဖက်နှင့်စက္ကူအိပ်များ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အစားထိုး အင်ဖက်၊ ငှက်ပျောဖက် နှင့်စက္ကူအိပ်များ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဟိန်းနှင့် ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့ပြီး ဈေးပေါက်အဝင်/အထွက်နေရာများတွင် ပလတ်စတစ်နှင့်အမှိုက်များ မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်စေရေး ပညာပေး ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အေးမြကြည်လင်ဈေးတွင် ဆိုင်ခန်း(၄၂)ခန်းပါရှိသော ပွဲရုံ(၇)ရုံ၊ ဆိုင်ခန်း(၂၃၆)ခန်းပါရှိသော  တိုက်တန်း(၈)ရုံ၊ ဆိုင်ခန်း(၆၀) ခန်း ပါရှိသော အသားငါးရုံ(၃)ရုံ၊ ဆိုင်ခန်း(၁၈၀)ခန်းပါရှိသော ကုန်ခြောက်ရုံ(၉)ရုံ၊ ဆိုင်ခန်း(၄၆၀)ခန်းပါရှိသော ကုန်စိမ်းရုံ(၂၁)ရုံ၊ ဆိုင်ခန်း(၂၀)ခန်းပါရှိသော ကုန်ခြောက်ရုံသစ်(၁)ရုံနှင့် ပျံကျဈေးသည်(၁၆၀၀)ကျော်ဦး ဈေးရောင်း/ဈေးဝယ်ပြုလုပ်သည့် ဈေးကြီးတစ်ဈေးဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)