ဗဟန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ဗဟန်း ဩဂုတ် ၆

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ရွှေတိုင်လွင်ရေးသားသော “ဆယ့်နှစ်လရာသီစာပန်းချီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် Book Club အသင်းမှ နယက စာရေးဆရာရန်ကင်းကိုကိုလေးနှင့် ဥက္ကဋ္ဌ စာရေးဆရာ ဟိန်းဇေတို့က အမှာစကားပြောကြားပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူး ဒေါ်စန္ဒာမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်စာရေးဆရာ ရွှေတိုင်လွင်က၊ ၎င်း‌ရေးသားသည့် "ဆယ့်နှစ်လရာသီစာပန်းချီ” စာအုပ်တွင်ပါဝင်သော အဓိကအချက်မှာ မြန်မာပြည်မှာ (၁၂)လရာသီအလိုက် ပွဲတော်များ ကျင်းပရခြင်းမှာ ပျော်ပွဲရွှင်ပွဲသက်သက်ကျင်းပခြင်းမဟုတ်ပဲ တိုင်းပြည်မှာ စွယ်စုံပညာရှင်များ ပေါ်ထွန်း‌စေ‌ရေး၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်‌သော မျိုးချစ်သူရဲ‌ကောင်များ ပေါ်ထွန်းစေရေးနှင့် မိမိတို့၏ ယဉ်ကျေးမှုရိုးရာပွဲတော်များအကြောင်းကို သိရှိထားဖို့ လိုအပ်ပါကြောင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက တစ်ဆယ့်နှစ်လရာသီပွဲတော်များနှင့် လအလိုက်ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစာပေတို့အား အနာဂတ်သားငယ်၊ သမီးငယ်များသိရှိပြီး မြတ်နိုးအလေးထားသင့်ပါကြောင်းနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းမှ အဖွဲ့ဝင်များတက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စန္ဒာမိုး