လားရှိုး ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း ဘုရားပန်းနှင့် အခမ်းအနားများတွင် အလှဆင်ရန်အတွက် ရောင်းချသောပန်းများကို တောင်ကြီးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် စိုက်ပျိုးသော ပန်းများကိုသာ အဓိကအားထားကာ ရောင်းချနေကြောင်း သိရသည်။
လားရှိုးမြို့တွင် ဂန္ဓမာပန်းနှင့်နှင်းဆီပန်း ဆယ်ပွင့်လျှင် နှစ်ထောင့်ငါးရာဈေးထိရှိနေပြီး ပန်းဈေးကွက်အတွင်းရှိ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ တောင်ကြီးမြို့နှင့်ပြင်ဦးလွင်မြို့မှ တင်ပို့ရောင်းချ ရခြင်းဖြစ်ကြောင်း သိရသည်။
“လားရှိုးမြို့မှရောင်းတဲ့ပန်းတွေကို တောင်ကြီးမြို့နဲ့ ပြင်ဦးလွင်မြို့ကနေ မှာပြီးရောင်းတယ်။ တခြားမြို့တွေကလည်းမှာပြီး ဝယ်ယူရတဲ့ပန်းတွေလည်းရှိပါတယ်။ ဒါပေမယ့် ပန်းစိုက်ပျိုးမှုကိုလုပ်ကိုင်ကြတဲ့ အဲ့ဒီမြို့တွေကနေ အဓိထားမှာပြီးရောင်းရတယ်။ လားရှိုးကနေတော့ ဂန္ဓာမာပန်း အနည်းငယ်နဲ့ ပန်းတိမ်ငိုပန်း တွေလောက်ပဲစိုက်ပျိုးတယ်။ ” ဟု ပန်းရောင်းချသူတစ်ဦးကဆိုသည်။
လားရှိုးမြို့သည် တောင်ပေါ်မြို့တစ်မြို့ဖြစ်သော်လည်း တောင်ယာနှင့်အခြားစိုက်ပျိုးသီးနှံများကိုသာ အဓိကထားစိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုသည့် မြို့တစ်မြို့ဖြစ်ပြီး ပန်းများကို အနည်းငယ်သာစိုက်ပျိုးသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)