မူဆယ် ဩဂုတ် ၆
မြန်မာ့အားကစားနှင့်ကာယပညာ ပိုမိုတိုးတက်ဖွံဖြိုးရေးအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အမြို့မြို့အနယ်နယ်တွင် ခရိုင်/မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပျက် ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်၊ ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂း၀၀)အချိန်က မူဆယ်မြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ၂၀၂၃ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းတွင် နေရာယူခဲ့ကြပြီး မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အားကစားနှင့်ကာယပညာရပ်များကို ပိုမိုတိုးတက်ဖွံဖြိုးလာစေရန် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန်နှင့် အဆင့်ဆင့် နည်းပြများအနေဖြင့် ပိုမိုတိုးတက်သော အားကစားနည်းစနစ်ကောင်းများကို ဆက်လက်သင်ကြားပို့ချရန်အပြင် လေ့ကျင့်သင်ကြားနေသော အားကစားဝါသနာရှင်များအနေဖြင့်လည်း မြန်မာ့အားကစားကို ယခင်ထက် ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကြိုးစားကြရန် အဖွင့်အမှာစကားအနေဖြင့် အားပေးစကားပြောကြား ပေးခဲ့ပါသည်။ ယင်းနောက် ကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်အားပေးကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိကြသူများ၊ မူဆယ်ခရိုင်အတွင်းရှိ အားကစားဝါသနာရှင်မိဘပြည်သူများနှင့် လက်ဝှေ့ပြိုင်ပွဲကို လာရောက်အားပေးကြသော ဒေသခံဧည့်ပရိတ်သတ်များက လေးစားစွာဖြင့် ခေတ္တမတ်တပ်ရပ်ပေး၍ ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကစားသမားများက အားကစားအဓိဌာန်ရွက်ဆိုခဲ့ကြပါသည်။ ဆက်လက်ပြီး ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့်တကွ ဌာနဆိုင်ရာအကြီးများက ပြိုင်ပွဲဝင်ကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲမစတင်မှီ အကအလှပဒေသာများနှင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများ အလှည့်ကျ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ယင်းကော်မတီဥက္ကဋ္ဌဖလားလက်ဝှေ့ပြိုင်ပွဲကြီးအား မူဆယ်ခရိုင်အတွင်းရှိ မန်ဂျယ်အသင်း၊ ပန်ဆေးအသင်း၊ ဟိန်းရှင်းအသင်း၊ T.M.H Star(တာမိုးညဲ)အသင်း၊ နမ့်ခမ်းမြို့မအသင်း၊ လုံထန်အသင်း၊ တော်ဝင်ထျန်းရီအသင်းနှင့် Energy-အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်းစုစုပေါင်း (၈)သင်းနှင့် ပြိုင်ပွဲဝင်ကစား သမား(၆၄)ဦးတို့က ဩဂုတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ထို့အပြင် ဩဂုတ်လ(၉)ရက်နေ့တွင် နောက်ဆုံး(final)အဆင့်အထိ တက်ရောက်သောအသင်း(၈)သင်းအား ထပ်မံယှဉ်ပြိုင်စေလျက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ပူးတွဲတတိယဆု၊ တံခွန်စိုက်ဒိုင်းဆုကြီး၊ အကောင်းဆုံးအားကစားသမားဆုနှင့် နည်းပြအကောင်းဆုံးဆုများကို အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီဥက္ကဋ္ဌဖလားလက်ဝှေ့ပြိုင်ပွဲကို မူဆယ်ခရိုင်အတွင်းရှိ လက်ဝှေ့အားကစား ဝါသနာပါသူများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင်ထားရန်အတွက် ဇူလိုင်လအစပိုင်းမှစ၍ မူဆယ်မြို့၏ အထင်ကရနေရာများတွင် မြေစိုက်ကြော်ညာဆိုင်းဘုတ်များဖြင့်လည်းကောင်း၊ သတင်းဌာနများမှတဆင့်လည်းကောင်း ကြိုတင်ကြေညာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)