မင်းပြား သြဂုတ် ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း ပူးပေါင်းအဖွဲ့သည် သြဂုတ် ၄ ရက်နေ့ နေ့လယ်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် ကင်းဆိပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
အဆိုပါ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ကင်းဆိပ်ကျေးရွာအုပ်စု၊ မော်ရွာ၊ သံထောင်၊ သူဌေးကုန်းကျေးရွာများမှ ကင်းဆိပ်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက မင်းပြားမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှုများကျေးရွာ၏ လိုအပ်ချက်များအား ဆွေးနွေးကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြို့နယ်၏GDPမြင့်မားရေး၊ လမ်းတံတားကောင်းမွန်ရေး၊ စားသုံးသူအကာအကွယ်ပြုရေး၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့်
ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြား၍ ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ကျေးရွာသူ၊ ကျေးရွာသားများအား မွေးမြူရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များနှင့် တိုင်းရင်းဆေးကုဌာနမှ ထွန်းရွှေဝါလိမ်းဆေးဗူးများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်