ဟိုပုံး သြဂုတ် ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လွယ်အွန့်ကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာတွင် ဦးကျော်စိုး မွေးမြူထားသော အသားတိုးဝက်ကောင်ရေ(၂၀၀)ခြံ၊ ဥစားကြက်ခြံ၊ မီးမလွတ် ကြက်သားပေါက်ခြံနှင့် အစာစပ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ရာ တောင်သူခွန်ဇော်ဌေး စိုက်ပျိုးထားသော SR-456 မျိုးစိုက်ပျိုးထားရှိမှု အခြေအနေအားကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက တောင်သူများအား ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ပေါင်လင်းကျေးရွာအုပ်စု ဟဲလုံကျေးရွာ၊ ဟိုပုံး-ဆီဆိုင် သွားကားလမ်းဘေးတွင် တောင်သူဦးတရှုပ်မှ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော(5923)မျိုး၊ အစေ့ထုတ်ပြောင်းခြံအား သွားရောက်ကြည့်ရှုကြပြီး ပြောင်းစိုက်တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဓါတ်မြေသြဇာများ ထောက်ပံ့ ပေးအပ်ခဲ့ကြ၍ ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ နောင်ဘိုရေကန်အား သွားရောက်ကြည့်ရှုကြကြောင်းနှင့် အဆိုပါ နောင်ဘိုရေကန်သည် ဟိုပုံးမြို့ တောင်ရပ်ကွက်တွင် နေထိုင်ကြသောပြည်သူများမှ သုံးရေအဖြစ်အသုံးပြုကြကြောင်း သိရသည်။
၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးတွင် နှစ်ပတ်(၁)ကြိမ် ဟိုပုံးတပ်နယ်မှ ဝန်ထမ်းများအတွက် ကြက်သား၊ ကြက်ဥ၊ ဝက်သား၊ နွားနို့၊ ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်နှင့် အသားစည်သွပ်ဗူး၊ တပ်မတော်အသုံးအဆောင်ပစ္စည်းများ ရောင်းချပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဟိုပုံးမြို့ဟိုနမ့်တွင် သီးနှံအခြောက်ခံစက်ရုံအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ သီးနှံ အခြောက်ခံစက်ရုံ လည်ပတ်နိုင်ရန်အတွက် လိုအပ်ချက်များကို စက်ရုံပိုင်ရှင်ဦးခွန်ထွန်းမှ တင်ပြရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ စက်ရုံအတွင်းဒေသထွက် ကော်ဖီစေ့ရွေးချယ်နေမှုနှင့် စီးပွားဖြစ်စိုက်ပျိုးထားသော အထပ်တစ်ရာပန်း (Mari gold) ပန်းခြံအား သွားရောက်ကြည့်ရှုကြသည်။ အဆိုပါ အထပ်တစ်ရာပန်း (Mari gold)ပန်းခြံတွင် အများပြည်သူများ လာရောက်၍ ပန်းပွင့်အလှနှင့်အတူ ဓါတ်ပုံလာရောက်ရိုက်ကူးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးရေထွက်အား သွားရောက်ကြည့်ရှုရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွန်းမှ ဟိုပုံးရေထွက်ကြီး အပန်းဖြေစခန်းမွမ်းမံရေးလျာထားမှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေထွက်အတွင်း ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)