ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းမှ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့

ကျိုက်ထို ဩဂုတ် ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ခဲ့ရသည်။

ယင်းသို့ကယ်ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ရာတွင် ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ရေများလျော့နည်း ကျဆင်းခဲ့သည့်အတွက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဇေယျာမွန်တွင် ယာယီနေထိုင်သည့် အိမ်ထောင်စု (၈၆)စုမှ ကျား(၁၇၅)ဦးနှင့် မ(၁၇၇)ဦး စုစုပေါင်း (၃၅၂)ဦးတို့ မှ၎င်းတို့၏နေအိမ်များတွင် နေထိုင်ရန်ပြန်လည်‌ ပြောင်းရွှေ့ခဲ့ကြသည်။

အဆိုပါနေအိမ် ပြန်လည်ပြောင်းရွှေ့မည့် ရေဘေးသင့်ပြည်သူများအား ကျိုက်ထိုမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ဦးလျှင်ငွေကျပ် (၂၁၀၀) နှုန်းဖြင့် လူဦးရေ (၃၅၂)ဦးအတွက် ငွေကျပ်(၇၃၉၂၀၀/-) အားထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် နေရပ်ပြန်ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm အားထိုးနှံပေးပြီး မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့စေခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)