ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာတွင်  ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူ ပညာပေး သရုပ်ပြပွဲကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈၀) စက်မှုလယ်ယာစခန်းမှ ကွင်းအမှတ်(၄၉၈)၊ တောင်သူ ဦးဝင်းမြင့်၏ လယ်မြေသုံးဧကတွင် ယနေ့နံနက် ၉နာရီက ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပခဲ့သည်။

အမှတ်(၈၀) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်အား အသုံးပြုခြင်းကြောင့် တောင်သူများ အနေဖြင့် လုပ်သားရှားပါးမှုကို လျော့ချနိုင်ခြင်း၊ ပျိုးသက်ငယ်ဖြင့် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ပင် လှန်ရက် စောင့်ဆိုင်းရန် မလိုအပ်ခြင်းကြောင့် အပင်ပွားစည်းမှု ပိုမိုကောင်းမွန်ခြင်း၊ ပင်ကြား၊ တန်းကြား စနစ်မှန်ကန်ပြီး၊ သတ်မှတ်ကောက်ကွက် ပြည့်မီခြင်းတို့ကြောင့် အထွက်နှုန်းကောင်းမွန်ကာ၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ လုပ်ငန်းပြီးဆီးမှု မြန်ဆန်ပြီးကုန်ကျစရိတ် သက်သာမှုကြောင့် တောင်သူများလည်း စိတ်ဝင်စားပြီး ကြိုက်နှစ်သက်ကြကြောင်း မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထင်ကပြောသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ၊ ရေထွက် ကျေးရွာနှင့် အနီးဝန်းကျင်မှ တောင်သူများ တက်ရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်