သန်လျင် အောက်တိုဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများဖြင့် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ် ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လေ့ကျင့်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးမှ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ခေတ်မီရှာဖွေကယ်ဆယ်ရေးစက်ကိရိယာများဖြင့် မြေပြင်ရှာဖွေကယ်ဆယ်ရေး၊ ရေပြင်ရှာဖွေ ကယ်ဆယ်ရေး များကို အပတ်စဉ် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး ရန်ကုန် တောင်ပိုင်းအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ကူညီနိုင်ရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနများမှ မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် လက်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပျံ့နှံ့မှုမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ သိရှိနိုင်ရေး မီးသတ်ယာဉ်များဖြင့် လှည့်လည်အသိပေးနှိုးဆော် ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်ခရိုင်အတွင်း မီးလောင်မှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁၊ ၀၅၆ ၂၁၀၅၈ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
သက်ခိုင် (သန်လျင်)