မောင်တောမြို့တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ မိုးစပါးများ ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ သီဟိုကျွန်းကျေးရွာတွင် မျိုးစပါးစိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

မောင်တော     ဩဂုတ်  ၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ယာမြေများအချိန်မှီ ထွန်ယက်ပြီးစီးစေရေး ၊ မိုးစပါးများဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ၊ ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကာ သီဟိုကျွန်းကျေးရွာတွင် မျိုးစပါးစိုက်ပျိုးနေမှု ၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား မြေပြင်ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးခန်းမ၌ မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက  အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများတွင်  နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော မျိုးစပါးများအချိန်မှီ စိုက်ပျိုးပြီးစီးမှု အခြေအနေများ ၊ မျိုးစပါးများဖြန့်ဝေထားရှိမှု ၊ စက်မှုလယ်ယာပိုင် ထွန်စက်များဖြင့် မြေပြုပြင်ထွန်ယက်ပြီးစီးမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးနေဦး၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများအနက် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ရောင်စဉ်ဖြာဆောက်လုပ်ရေးကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၈၉၆.၇၇၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် အပိုင်း(၁)ကညင်ချောင်းစီးပွားရေးဇုန်ဝင်လမ်း ကွန်ကရစ်ခြင်းလုပ်ငန်းနှင့် မိုးမြတ်ဝဿန် ဆောက်လုပ်ရေးကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၈၉၆.၇၇၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် အပိုင်း(၂)ကညင်ချောင်းစီးပွားရေးဇုန်ဝင်လမ်း ကွန်ကရစ်ခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး သတ်မှတ်စံချိန်၊ စံညွန်းအရည်အသွေးများဖြင့် ကိုက်ညီမှုရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးနေဦးသည် ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ သီဟိုကျွန်းကျေးရွာတွင် ကွင်းအမှတ် ၉၉(က) ရှိတောင်သူ ၅ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ဧက ၁၅ တွင် မြေပြုပြင်ထွန်ယက်နေမှု၊ ဆင်းသုခမျိုးစပါးပျိုးထောင် စိုက်ပျိုးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မျိုးစပါးများပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ တောင်သူများအနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအားအောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန်လိုကြောင်း လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)