စစ်တွေ ဩဂုတ် ၅
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲခရိုင်၊ ဂွမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ရွှေဘုံသာခန်းမရှိခဏဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြကာ သာသနာရေးဆိုင်ရာ များလျောက်ထားကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိန္တလီမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေ များပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ဘိုကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်ရွှေ၏ အသားတိုးကြက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးကာ ကြိမ်ချောင်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးချစ်က သံတွဲခရိုင်၏ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာဆိုင်ရာများက မိမိတို့ဝန်ကြီးဌနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်သည့်အခါ နိုင်ငံတော်အကြီးအကဲက ယခင်အခြေအနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ မူလတာဝန်များကို ယခင်ထက်သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားကြ မည်ဆိုလျင်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြား လိုကြောင်း၊ မုန်တိုင်းကာလအလွန်တွင် ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အဦများကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့အတူ မိုးစပါးစိုက်ပျိုးရာသီတွင် ယခင်ထက်အထွက်နှုန်း ကောင်းမွန်ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုဖြန့်ဝေထားပြီး ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်နည်းစနစ်မှန်ကန်စေရေး လိုအပ်သည့်နည်းပညာများ၊ ပံ့ပိုးပေးရမည့်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများက မြေပြင်ကွင်းဆင်းပြီး ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိုဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်မှ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းမှာရှိသည့် ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ကြစေလိုကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ကျောင်းသန့်ရှင်းရေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုကြောင်း၊ ထို့အတူ ဒေသတစ်ခုထုတ်ကုန်တစ်ခု ထွက်ရှိနိုင်အောင် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားထုတ်ကုန်များထုတ်လုပ်နိုင်ရေး အားပေးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်သည့်ချေးငွေများ ထုတ်ချေးပေးနိုင်ရေး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ သံတွဲခရိုင်အတွင်းရှိ မြို့နယ်များ၊ ရုံးများတွင် အုန်းပင်များ၊ အရိပ်ရပင်များ၊ လေကာပင်များနှင့် ဒေသအတွက် အကျိုးရှိသည်အပင်များကို စိုက်ပျိုးကြစေလိုကြောင်း၊ အလားတူ ဟင်းသီးဟင်းရွက် စားသုံးမှုဖူလုံစေရန်အတွက် မိမိအိမ်ခြံဝန်းအတွင်း တပိုင်တနိုင်စိုက်ပျိုးသွားကြရ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များကိုလည်း ရှင်သန်ကြီး ထွားအောင် ပြုစုပေးကြရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာအချင်းချင်းပူးပေါင်းကာ ခရိုင်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)