မောက်မယ်မြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မောက်မယ် သြဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဒေသအတွင်း ကူးစက်သော ငှက်ဖျားရောဂါကြောင့်သေဆုံးမှုကို“သုည”အထိလျော့ချရန် အမျိုးသားငှက်ဖျား တိုက်ဖျက်ရေး စီမံချက်ပန်းတိုင်များ ရရှိစေရန်၊ ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း၏ အကျဉ်းချုပ်နှင့် မြို့နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိစေလိုရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် လူထုအခြေပြုငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးမြင့်သိန်း ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်း ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးခွန်ကျော်ဆွေ တို့က  အမှာစကားများ အသီးသီး ပြောကြားပြီး  မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျား ရောဂါကာကွယ်ရေးစီမံကိန်းမှTraining Officerဒေါ်ခင်ဆွေဦးကCoordination Meetingပြုလုပ်ရသော ရည်ရွယ်ချက် ၊ ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်းအကြောင်းအကျဉ်းချုပ်နှင့် မြို့နယ်အတွင်းဆောင် ရွက်မည့် ငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယကဒေါက်တာဗလက မြို့နယ်အတွင်း ကျေးရွာများမှစေတနာ့ဝန်ထမ်း များရွှေးချယ်ရာတွင် ဒေသခံဝန်ထမ်းများမှ အဆင်ပြေမည်ဖြစ်ကြောင်း ကျေးရွာများသို့ ကွင်းဆင်းခဲ့သည့် အတွေ့အကြုံများအရ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)