ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ

ပျဉ်းမနား သြဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဖလောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကို စတင်ခဲ့ကြပြီး ဖလောင်းကျေးရွာဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှပရိတ်တရားတော် မြတ်နာယူခဲ့ကြသည်။

ထို့နောက် ဖလောင်းကျေးရွာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအားထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ တရားတော်မြတ်နာယူခဲ့ကြကာ ကောင်းမှူကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)