လားရှိုး ဩဂုတ် ၅
၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လားရှိုးမြို့ ၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများ ၊ဘောလုံးချစ်ပရိသတ်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ ရှမ်းပြည်နယ် အားကစားတိုးတက်ရေးနှင့် လူငယ်လူရွယ်များ၊ မိဘပြည်သူများ၊အားကစားကို စိတ်ပါဝင်စားလာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း ၊ ယခုနှစ် မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ပုံမှန်ကျင်းပနေကျပုံစံမျိုး မဟုတ်ပဲ ဒေသခံများ ၊အားကစားသမားများ၊ ဝါသနာရှင်များ ၏ပြင်းပြသောဆန္ဒများကြောင့် သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများမှ ခွင့်ပြုပံ့ပိုးဆောင်ရွက်ပေးကြခြင်းဖြစ်၍ တစ်မူထူးခြားသော ပြိုင်ပွဲတစ်ရပ်ဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ ကြိုးကြိုးစားစား တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်ရ၍ ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီး ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများကို လိုက်လံနှုတ်ဆက်ကြသည်။
ပြိုင်ပွဲတွင် အုပ်စု(၄)စု အသင်းပေါင်း (၁၆) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမနေ့ ပွဲစဉ်အဖြစ် ရပ်ကွက်(၈)(က) အသင်းနှင့် ရပ်ကွက်(၆) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)