ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း(၂၈)သင်းရှိ မိုးစပါးစိုက် တောင်သူ(၁၁၆၉)ဦးတို့အတွက် လယ်ယာသုံးစက်ကိရိယာများပေးအပ်

မြစ်ကြီးနား သြဂုတ် ၅

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့်မိုးစပါး တစ်ဧကအထွက်နှုန်းတိုးပွားရေးအတွက် မြို့နယ်ပေါင်း(၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း(၂၈)သင်းရှိ အသင်းသားမိုးစပါးစိုက် တောင်သူ (၁၁၆၉)ဦးတို့အတွက် ငွေကျပ် ၁၁၉၂ သန်းတန်ဖိုးရှိ သွင်းအားစုများပေးအပ်ခြင်းနှင့် စံပြကျေးရွာများသို့ လယ်ယာသုံးစက်ကိရိယာများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့် အမျိုးသားရေး ရည်မှန်းးချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးနှင့် စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ စိုက်ပျိုးမြေအားလုံးတွင် သီးထပ်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး၊ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဒါ့အပြင် မွေးမြူရေးနှင့်ပတ်သက်၍ မိမိတို့ပြည်နယ်အတွင်း သား/ငါး လိုအပ်ချက် ဖူလုံနေရုံသာမက တစ်နိုင်ငံလုံးဖူလုံအောင် ဒေသနှင့်ကိုက်ညီပြီး စနစ်ကျမွေးမြူခြင်းနှင့် တိုးချဲ့မွေးမြူခြင်းများကို အားထည့်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ချောစုလှိုင်က ပြည်နယ်အတွင်းရှိ သမဝါယအသင်းသား တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများနှင့် စံပြကျေးရွာများအတွက် လယ်ယာသုံးကိရိယာများ ထောက်ပံ့ပေးအပ်သွားမည့် အစီအစဉ်များနှင့် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ခရိုင်များအတွက် ပေးအပ်သွားမည့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုစိုက်ပျိုးခြင်းဖြင့် တောင်သူများ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သော မြို့နယ်ပေါင်း(၆) မြို့နယ်မှမိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းပေါင်း(၂၈)သင်းရှိ အသင်းသားတောင်သူ(၁၁၆၉)ဦးတို့အတွက် (၁)ဧကအထွက်နှုန်းတိုးစေရေး (၁)ဧကငွေကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများ စုစုပေါင်းတန်ဖိုးငွေကျပ်သန်း(၁၀၀၀.၀၀)၊ မိုးကောင်းမြို့နယ်၊နန့်လှိုင်ခေတ်မီစံပြကျေးရွာ၊ မိုးညှင်းမြို့ နယ်ဟဲလုံခေတ်မီစံပြကျေးရွာ၊ တနိုင်းမြို့နယ် မိုင်းခွန်ခေတ်မီစံပြကျေးရွာ၊ ပူတာအိုမြို့နယ် မူလာအွန် ခေတ်မီစံပြကျေးရွာ၊ ဝိုင်းမော်မြို့နယ်ဒဘတ်ယန်ခေတ်မီစံပြကျေးရွာများအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် (၁၃၆.၀၀၀)သန်း တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာ (၆)စီးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင်တို့အတွက် တန်ဖိုးငွေကျပ် (၅၆.၀၀၀)သန်းတန်ဖိုးရှိ  စပါးမျိုးစေ့ချ ကိရိယာ (Drum Seeder) (၁၆၀) လက်တို့ဖြင့် စုစုပေါင်းသွင်းအားစုနှင့် စက်ကိရိယာတန်ဖိုးငွေကျပ် (၁၁၉၂.၀၀၀)သန်းကို အသီးသီးပံ့ပိုးပေးအပ်ရာ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာသမဝါယမအသင်းစု များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ယနေ့အခမ်းအနားဖြင့် ပေးအပ်သည့် လယ်ယာသုံးစက်ကိရိယာဖြစ်သည့် ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်