လပွတ္တာ သြဂုတ် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လပွတ္တာမြို့နယ်ရှိ ရွှေပြည်သာကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၆၀%၊ ကုမ္ပဏီမှ ၂၀%၊ ကျေးရွာမှ ၂၀% ထည့်ဝင်ငွေများဖြင့် ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်( Solar Mini-Grid)မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်(Solar Mini-Grid) မီးလင်းရေးအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းခဲ့သည်။ ဆက်လက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး Mini-Gridမီး လင်းရေးဆောက်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသုံးစွဲနိုင်မှု အခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းသုံး(၈၀)အိမ်ခြေသည်(100kw)ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှစ်စစ်ဓာတ်အားများ စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း
၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးသည့် လမ်းအရှည်၆၅၀ပေ၊ အကျယ်၅ပေနှင့် ထု၆လက်မရှိ ကွန်ကရစ်လမ်းအား ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်ရွှေပြည်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်သည့် တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာရှိ ရတနာထွန်းဆန်စက်သို့ သွားရောက်၍ စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှု အခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ် စနစ်တကျ လိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဆန်စက်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား ရည်စူး၍ ကျေးဇူးတော်ရှင်ဆရာတော်ကြီးများအား ဦးထိပ်ပန်ဆင်လျက်အကြိမ် (၂၀) မြောက် ဝါတွင်း (၃) လ ရက်ပေါင်း ( ၉ဝ )၊ နေ့/ည အသံမစဲ အဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်း ကျွေးရွာရှိ ရှင်စောမြတ်စေတီတော် ပရဝဏ်အတွင်း၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီးလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဒေါ်ခင်စိန်၏ လယ်မြေ(၁)ဧက၌ ပြုလုပ်သည့် မျိုးစပါး ပေါင်းလိုက်၊ တမန်းနှိုး၊ မြေဩဇာကြဲပတ်ပွဲ တက်ရောက်ခဲ့ပြီး ပေါင်းလိုက်၊ တမန်းနှိုးခြင်း၊ ယူရီးယားနှင့် ဘိုင်ပိုစူပရင်းဇီဝမြေဩဇာ အချိုးကျပေါင်းစပ်၍ မြေဩဇာကြဲပတ်ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူးက မိုးစပါး ရေ၊ မြေ သဘာဝအလိုက် စိုက်ပျိုးပြီးစီးမှု၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တောင်သူများ၏ လယ်ဧကများ၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူကြီးများအနေဖြင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပြန်လည်ကောင်းမွန်မှုကို လက်တွေ့ကြုံတွေ့နေရပြီဖြစ်ပါကြောင်း၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်း၊ ခေတ်မီစိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းများဖြင့် တစ်ဧက ၁၀ တင်းနှုန်း တိုးတက်ထွက်ရှိစေရေး ဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျ လိုက်ပါဆောင်ရွက်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ တက်ရောက်၍ ပျိုးဗန်းဖြင့်ပျိုးထောင်ထားရှိသည့် ဆင်းသုခအထွက်တိုးမျိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုး၍ ထွန်တုံးပိတ်ပွဲ ကျင်းပမှုအားကြည့်ရှုအားပေးခဲ့သည်။ လပွတ္တာမြို့နယ်တွင် မိုးစပါး ရေတော်မိုးတော် စိုက်ဧက နှစ်သိန်းခြောက်သောင်းကိုးထောင်ကျော်နှင့် မိုးစပါး သဲဆန်ကုန်း ချောစိုက်ဧက တစ်ထောင့်ကိုးရာကျော် အား ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)