မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဩဂုတ် ၅

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသည် ဩဂုတ် ၄ ရက်နေ့ ၀၀ : ၁၅ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် စုစုပေါင်း(၂၅)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား ၅၀၀ ဦးဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ၃၉ ချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၄၉ မိနစ်အချိန် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း(၉)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ ကာ၊ (၂)ထပ်ဆောင်အဆောက်အဦ(၁)လုံး၊ စာသင်ခန်း(၇)ခန်း၊ နားနေဆောင်(၁)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ ကာ၊ (၃)ထပ်ဆောင် အဆောက်အဦ(၁)လုံးတို့အား မီးလောင်ကျွမ်းခဲ့မှုကို ကြည့်ရှုစစ်ဆေးကာ (၃)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျောင်းဆောင်သစ် အမြန်ဆောက်လုပ်ရေး၊ ကျောင်းသားကျောင်းသူများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်ဆည်းပေးရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းဓမ္မာရုံတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်အမြန်ပြန်လည်တည်ဆောက်ရေးအတွက် စုံစမ်းစစ်ဆေးကော်မတီဖွဲ့စည်းပြီး ပြန်လည်တင်ပြရန်၊ ကျောင်းသူကျောင်းသားများ စာသင်ကြားမှု မထိခိုက်စေရေးအတွက် ပြည်နယ်ပညာရေးမှူးမှ ကျောင်းအုပ်ဆရာမကြီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရန်လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍   ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးအကြံပြုတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပြည်နယ်အစိုးရးအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမီးလောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်အဝေးသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကော်မတီများဖွဲ့စည်း၍ ​​တွေ့ရှိချက်များကို အမြန်ပြန်လည်တင်ပြကြရန်၊ အင်ဂျင်နီယာနှင့်တည်ဆောက်ရေးကော်မတီများက ကျောင်းဆောင်အား ပြန်လည်ပြုပြင်တည်ဆောက်ရန် (သို့မဟုတ်)အသစ်ပြန်လည်တည်ဆောက်နိုင်ရေးတင်ပြရန်၊ စာသင်ကြားရေး အခန်းလုံလောက်မှု ရှိ /မရှိ နှင့် စားပွဲခုံများ လိုအပ်ချက်များရှိပါက တင်ပြကြရန် မှာကြားသည်။

ထို့နောက် တိုင်းမှူးက ကျောင်းသူကျောင်းသားများ ပညာရေးမထိခိုက်စေရေးအတွက် အချိန်နှစ်ကြိမ်ခွဲ သင်ကြားနိုင်ရေးနှင့် စာသင်ခုံစားပွဲများ ပြန်လည်အသုံးပြုနိုင်ရန်အတွက် အမိုးအကာအောက်စနစ်တကျထားရှိရေး ပြောကြာပြီး တက်ရောက်လာသည့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးတို့က ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်