တပ်ကုန်း ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးချိန်ကာလ စိုက်ပျိုးရေးလုပ်ငန်း အခြေခံသည့် ကျေးရွာများတွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်ကာလတွင် စက်သုံး ဆီနှင့်ဓါတ်မြေသြဇာစျေးနှုန်းများမြင့်တက်ကြောင်း၊ နေ့စား အလုပ်သမားအငှားခလည်း ဈေးပိုပေးရကြောင်း၊ နေ့စားအလုပ်သမားအနေဖြင့် လယ်စိုက်နေ့စားခ ၇၅၀၀ ကျပ်၊ ပေါင်းပေါက်၊ ငရုတ်သီးဆွတ်နေ့စားခ ၆၀၀၀ကျပ်၊ ထယ်ချဉ်းတစ်မနက် ၁၂၀၀၀ကျပ်ပေးရကြောင်းနှင့် နေ့စဉ် တောင်သူလုပ်ငန်းများလုပ်ကိုင်သဖြင့် နေ့စားအငှားလိုက်သူနှင့်ကောက်စိုက်သမများ ဝင်ငွေရရှိ နေကြောင်း နေ့စားအငှားလိုက်သူထံမှ သိရသည်။
“ကျွန်မက ကျေးရွာအတွင်းမှာရှိတဲ့ ကောက်စိုက်တတ်ကျွမ်းသော အမျိုးသမီးများကို အဖွဲ့ ဖွဲ့စည်းထားပါတယ်၊ အဖွဲ့မှာ ခေါင်းဆောင်ကောက်စိုက်မ (ဒေသအခေါ်) သုတ်သူကြီးခေါင်းဖြစ် တဲ့အပြင် ကိုယ်တိုင်လည်း ကောက်စိုက်လိုက်ပါတယ်၊ ကောက်စိုက်မတစ်ဦးလျှင် ကောက်စိုက် နေ့စားခ ၇၅၀၀ ကျပ်၊ ကောက်စိုက်မ ၁၀ဦးလယ်စိုက်လျှင် သုတ်သူကြီးခေါင်းခကို ကောက် စိုက်မတစ်ဦးစား လယ်ရှင်က ပေးပါတယ်၊ သုတ်သူကြီးခေါင်းအလုပ်ကတော့ ကောက်စိုက်သမတိုင်း ကောက်စိုက်လိုက်ရရေး၊ လယ်ရှင်များ သဘောကျအောင် ကောက်စိုက်လက်မြန်သူနှင့် လက်နှေးသူများ ခွဲဝေတွဲပေးရပါတယ်၊ တောင်သူတွေ လယ်စိုက်ချိန်မှာ ကောက်စိုက်သမများ လည်း မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပါတယ်” လို့ ခေါင်းဆောင်ကောက်စိုက်မ (ဒေသအခေါ်)သုတ်သူကြီးခေါင်းဖြစ်သူ မကျီးပင်ကျေးရွာမှ ဒေါ်မိုးမိုး၏ ပြောပြချက်အရ သိရ သည်။
တင်စိုးလွင်