နောင်ချို ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Club အဖွဲ့များပူးပေါင်း၍ စာရေးဆရာခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်က”မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Book Club အဖွဲ့ဝင် ဦးမြို့ကျော်နှင့် ဦးတင်အောင်သိန်းတို့က “လူတန်းစားအလွှာ မခြားနားစေရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်း Women Club အဖွဲ့ဝင် ဒေါ်ဥမ္မာအောင်က “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Club အဖွဲ့ဝင်များနှင့် အပြန်အလှန်ဗဟုသုတများ မျှဝေခဲ့ကြကြောင်း သိရသည်။ အဆိုပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများစွာ ရရှိစေမည်ဖြစ်ကြောင်းနှင့် အဆိုပါစာဖတ်ဝိုင်းမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိတို့၏ မိသားစုအတွင်းရှိ လူငယ်များနှင့် ပတ်ဝန်းကျင်တွင်ရှိသော လူငယ်များအား ပြန်လည် မျှဝေပြောကြားသွားမည်ဖြစ်ကြောင်း အမျိုးသမီးအသင်း (Women Club)အဖွဲ့ဝင် ဒေါ်ဥမ္မာအောင်က ပြောပြခဲ့သည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့်ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)