မော်လမြိုင် ဩဂုတ် ၅
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းသည် ဩဂုတ် ၄ ရက်နေ့ ၀၀ : ၁၅ နာရီ အချိန်တွင်မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် စုစုပေါင်း(၂၅) စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင်ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား ၅၀၀ ဦး ဖြင့်ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ၃၉ ချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၄၉ မိနစ် အချိန် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း(၉)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ ကာ၊ (၂)ထပ်ဆောင် အဆောက်အဦ(၁)လုံး၊ စာသင်ခန်း(၇)ခန်း၊ နားနေဆောင်(၁)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ ကာ၊ (၃)ထပ်ဆောင် အဆောက်အဦ(၁)လုံးတို့အား မီးလောင်ကျွမ်းခဲ့မှုကို ကြည့်ရှုစစ်ဆေးကာ (၃)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျောင်းဆောင်သစ် အမြန် ဆောက်လုပ်ရေး၊ ကျောင်းသား ကျောင်းသူများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည် ဖြည့်ဆည်းပေးရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်း ဓမ္မာရုံတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဆရာ /ဆရာမများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ် အမြန်ပြန်လည်တည်ဆောက်ရေးအတွက် စုံစမ်းစစ်ဆေးကော်မတီဖွဲ့စည်းပြီး ပြန်လည် တင်ပြရန်၊ ကျောင်းသူကျောင်းသားများ စာသင်ကြားမှု မထိခိုက်စေရေးအတွက် ပြည်နယ် ပညာရေးမှူးမှ ကျောင်းအုပ်ဆရာမကြီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရန်လိုအပ်ပါက ပြည်နယ် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးအကြံပြုတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)