ဒဂုံမြောက် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်နေ့ရက်များအလိုက် Mobile စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၃၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် “ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ် ကာကွယ်ဆေးများ ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ သတ်မှတ်အကြိမ်ရေ ပြည့်မီစေရေးအတွက် ရပ်ကွက်များအတွင်း ကွင်းဆင်း၍ Mobile စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း” ကျန်းမာရေးမှူး ဒေါ်အေးမင်းစိုးမှ ပြောကြားသည်။ မိခင်နှင့်ကလေးများ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် ကလေးများအား အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်မည့်ရောဂါများအား သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
မြင့်မြင့်ရီ