ဇေယျာသီရိ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ(ရုံးချုပ်)မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပေးအပ်ပွဲတွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်နှင့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးပြေသိန်းတို့က ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာမှ တောင်သူ ၅၀ ဦးအတွက် ခရမ်း(စိမ်းရှည်)၊ ခရမ်း(ညိုရှည်)၊ ကြက်ဟင်းခါး(အပု)၊ ခရမ်းချဉ်(ကျားခြေရာ)၊ တိုင်လွတ်ပဲ စုစုပေါင်းမျိုးစေ့ငါးမျိုး နှစ်ထုပ်နှုန်း၊ ပံ့ပိုးပစ္စည်းများအနေဖြင့် စိုက်ပျိုးရေးနည်းပညာစာအုပ် ၅၀ အုပ်၊ ခရင်းဂေါ်ပြား ၅၀ စုံ၊ အပင်ညှပ်ကတ်ကြေး ၅၀ ချောင်း၊ ရေဖျန်းပုံး ၅၀၊ ပျိုးဗန်း ၁၀၀၊ ပျိုးအိတ် ၇၅၀ အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)