နမ့်ခမ်းမြို့ (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

နမ့်ခမ်း ဩဂုတ် ၄

ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်စေရန်၊ ဗဟုသုတမြင့်မားစေရန်နှင့် စာပေကြောင့် အမှန်အမှားခွဲခြားတတ်သည့် လူငယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယမန်နေ့ ညနေပိုင်း (၁၆)နာရီအချိန်က “အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဟောပြောဆွေးနွေးခဲ့ပြီး “လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲအရာများ” ဆောင်းပါးပါ လူကြီးတွေက လူငယ်တွေထက် အတွေ့အကြုံပိုများကြောင်း၊ လူကြီးတွေရဲ့ပြောစကားကို နားဝင်ကြစေ လိုကြောင်း၊ လူငယ်တွေအနေဖြင့် ဘယ်ပညာရပ်မျိုးမဆို အကျိုးရှိအောင် တတ်မြောက်အောင် သင်ယူကြစေလိုကြောင်း စသည့်အချက်များကို ဖတ်ကြား ဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မြို့နယ်အတွင်းရေးမှူး ဒေါ်သက်ထားလှိုင်က “စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စ” ဆောင်းပါးထဲမှ စာစီစာကုံးကို အလွတ်ကျက်ပြီး ပြန်အန်ချသည့် အလေ့အကျင့်မျိုးအား မပြုဘဲ ကိုယ်စွမ်းကိုယ်စဖြင့် ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်ရေးသား နိုင်ရန် လေ့ကျင့်စေလိုကြောင်းကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးမိုင်းနိုင်ဒါန်းဝင်းက “ဝတ္ထုမဖတ်တာ ရှက်စရာ” ဆောင်းပါးပါ စာကြိုးစားချင်းတူလျှင် ဝတ္ထုစသည့် အပြင်စာပေများကို ဖတ်သောသူသည် ကျောင်းစာကိုသာ ဖတ်သောသူထက်ပို၍ စာတော်ကြောင်း ထို့ကြောင့် ဝတ္ထုစသည့် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေလိုကြောင်း ဖတ်ကြားဆွေးနွေးပေးခဲ့ကြပါသည်။

ထို့နောက် စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အသိပညာပေးနံရံ ကပ်စာစောင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှု မေးမြန်း ခဲ့ကြကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)