မိတ္ထီလာ ဇန်နဝါရီ ၄
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူး၍ ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ယနေ့ နေ့လယ်၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး (အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း)ပြိုင်ပွဲများတွင် ဗိုလ်လုပွဲနှင့် တတိယလုပွဲများကို ဆက်လက် ကျင်းပခဲ့ပြီး မြင်းစီးအားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်မြင်းစီးအားကစားသမားများကို မြန်မာနိုင်ငံမြင်းစီးအားကစားကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး ၊ မိတ္ထီလာခရိုင်မြင်းစီးအားကစားအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအလိုက် ဆုများ အသီးသီးပေးအပ်ခဲ့သိရသည်။ ၎င်းနောက် အထူးပြိုင်ပွဲအနေဖြင့် ပြိုင်ပွဲဝင် မြင်းစီးအားကစား တစ်ဦးမှ မြင်းနှစ်ကောင် စီး၍ လက်ဆင့်ကမ်းပြိုင်ပွဲကို ယှဉ်ပြိုင်စေပြီး ဆုရရှိသူအား အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများက အမြင့်တန်းခုန် ကျော်ခြင်း၊ မြင်းအလှပြ စီးနှင်းခြင်းများဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
“(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပသည့် မြန်မာ့ရိုးရာ မြင်းစီးအားကစား ပြိုင်ပွဲမှာ ဆိုရင် ဒီနေ့က လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် နေ့ထူးနေ့မြတ်လည်းဖြစ်တယ်၊ သမိုင်း အစဉ်အလာ ကြီးမားသည့် မိတ္ထီလာခရိုင်မှာ ခရိုင်အဆင့် ပထမအကြိမ်လာရောက် ပြုလုပ်ရသည့် အတွက် အထူးဘဲ ဝမ်းမြောက် ဂုဏ်ယူပါတယ်၊ မြင်းစီး အားကစားပွဲများမှာ ဆိုရင် အနယ်နယ် အရပ်ရပ်မှာ ရှိပါတယ်၊ နှစ်စဉ် ကျင်းပ နေပါကြောင်း၊ ယခင်လမှ စတင်၍ မြန်မာနိုင်ငံ မြင်းစီးအားကစား ကော်မတီ လက်အောက် ခရိုင် အဆင့်အဖြစ် မိတ္ထီလာခရိုင်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နောက်နှစ် တွေမှာလည်း ဒီထက်ပြိုင်ပွဲများစွာကို ထည့်သွင်းယှဉ်ပြိုင်နိုင်စေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ် ကော်မတီအတွင်းရေးမှူး ဦးထင်ကျော်က ပြောကြားခဲ့သည်။
၎င်းအပြင် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ(အသားကျ)ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပျော်ဘွယ်မြို့နယ်မှ ဦးသက်ဝေကလည်း ယခုပြိုင်ပွဲမှ စတင်၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပထမဆုံး ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အတွက် အလွန်ဝမ်းသာ ပျော်ရွှင်လျက်ရှိ ကြောင်း၊ မိတ္ထီလာခရိုင်မှာ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပသွားမည်အကြောင်း သိရှိရ သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် နေ့စဉ် (၄)မိုင်မှ (၅)မိုင်အထိ လေ့ကျင့်ပြီး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း ၊ နောင်ကျင်းပသွားမည့် မြင်းစီးအားကစားပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး (အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း)အဖြစ် ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲခြား၍ ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(ပြန်/ဆက်)