ဒလ ဩဂုတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်ကာ ရခိုင်ချောင်ကျေးရွာ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သုံးစွဲရေးနှင့် ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေး နည်းပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ရခိုင်ချောင်(မြောက်) ကျေးရွာအုပ်စု ရွှေကျင်ကျောင်းတိုက်၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်နိုင်မိုးက သင်တန်း အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်မှ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တောင်သူများအား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်က မြို့နယ်မှသီးထပ်သီးညှပ်လျာထားချက် နွေစပါးလျာထားချက်များကို လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲမှုမရှိစေရေး၊ စိုက်ပျိုးရေများ ရရှိစေရန်ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ နည်းပညာပေးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင်နိုင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူ (၈၀)ဦး တက်ရောက်ခဲ့ကြသည်။
ကျော်စည်သူ(ပြန်/ဆက်)