တံတားမြို့၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တံတား ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် တံတားမြို့ပေါ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရာတွင် အမှတ်(၂)ရပ်ကွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးးဌာနမှ ဦးစီးမှူးဦးဇော်လင်းထွဋ်၏ ကြီးကြပ်မှုဖြင့် တံတားမြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်ကြသော ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်(၂)နှင့်အညီ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးရရှိစေရေးနှင့်ပြည်သူများအနေဖြင့် လိုအပ်ချက်အရ ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ်ပြား (မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့်လုပ်ငန်းများတွင် ပြသစစ်ဆေးခံနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် အသက်(၁၈)နှစ် ပြည့်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)