မြစ်သားမြို့နယ်တွင် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်

မြစ်သား၊ အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာသည့် ရုံးအမိန့်အမှတ်(၂၁၀/၂၀၂၀)အရ မြစ်သားမြို့နယ်အတွင်း နေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် မဲရုံသို့ ကိုယ်တိုင်လာ ရောက်ဆန္ဒမဲမပေးနိုင်သော အခြေအနေရှိပါက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးရန်နှင့် ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန်အခက်အခဲ ရှိပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိုသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ ပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ (၂၉) ရက်မှ နိုဝင်ဘာ (၅) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)