မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်ခြင်းမရှိသူများအား စစ်ဆေးပြီး ဒဏ်ငွေ (၂၀၀) ကျပ်ပေးဆောင်စေကာ အသိပညာပေးသည့် Mask Campaign များဆောင်ရွက်

ရန်ကုန် အောက်တိုဘာ  ၁၄


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်လာခြင်း မရှိသူများကို စစ်ဆေးပြီး ဒဏ်ငွေ (၂၀၀) ကျပ်ပေးဆောင်စေကာ အသိပညာပေးသည့် Mask Campaign အစီအစဥ်များကို အောက်တိုဘာလ ၈ ရက် နေ့မှစတင်၍ နေ့စဉ်မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်၏ လူစည်ကားရာ လမ်းမကြီးများဖြစ်သည့် မြန်မာ့ ဂုဏ်ရည်လမ်း၊ ဗညား ဒလလမ်း၊ ဗိုလ်မင်းရောင်လမ်း၊ သိမ်ဖြူလမ်း၊ မြယာကုန်းလမ်း၊ စက်ရုံလမ်းနှင့် အာတားလမ်းများတစ်လျှောက်၌ ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင် မလာသူများကို Mask တစ်ခု တပ်ဆင်ပေးပြီး ဒဏ်ငွေ (၂၀၀) ကျပ်ကိုပေး ဆောင်စေကာ နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးတို့အတွက် ပညာပေး ပြောကြားခြင်း များကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များက ဦးဆောင်ကာ  မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် (၂၀) မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက အဖွဲ့ (၂) ဖွဲ့ခွဲကာ နေ့စဥ် စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)