ကာလိမြို့၌ ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် (Urea) ပုလဲဓာတ်‌မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကာလိ ဩဂုတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်(Urea) ပုလဲဓာတ်‌မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းငွေလေးက ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက်(Urea) ပုလဲဓာတ်‌မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသန်းထိုက်က လယ်ယာမြေနှင့်နည်းဥပဒေဆိုင်ရာများ ချပြရှင်းလင်းခဲ့ကြသည်။ ထို့နောက် တောင်သူ(၂၀)ဦး၏ မိုးစပါး(၂၃) ဧကအတွက် ပုလဲဓာတ်မြေဩဇာ(၃၆) အိတ်အားတောင်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)