နမ့်စန်(တ) ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ညနေ ၂ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(နမ့်စန်)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်မောင်မောင်သက်လွင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ၊ စက်ဘီးစီးသူများ၊ လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများလိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းရှိစွာ စနစ်တကျ စီးနင်းမောင်းနှင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အ.ထ.က(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သူရအောင်(ပြန်/ဆက်)