ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ပင်းတယ ဩဂုတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဇနီးဒေါ်ထိုက်စုကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နံနက် ၆ နာရီတွင် ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်များအား အာရုံးဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်သံဃာနာယကဆရာတော် (ရွာငယ်ကျောင်းဆရာတော်) အရှင်စန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများရွတ်ဖတ်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)