လားရှိုး ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာတွင် ပြုလုပ်သည့် ရိုးရာဓါးများနှင့် တောင်ယာစိုက်ပျိုးရေးများတွင် အသုံးပြုရသည့် ဓါးများရောင်းကောင်းနေကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တောင်ပေါ်ဒေသများတွင် တောင်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများအနေဖြင့် အသုံးပြုသော ခြံခုတ်ဓါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟမ်းငိုင်းကျေးရွာတွင် ပြုလုပ်သည့် ဓါးများမှာ ဈေးကွက်အတွင်းတွင် ရောင်းကောင်းပြီး ရိုးရာဒီဇိုင်းများဖြင့် ဆန်းပြားလှပသော ကချင်ပြည်နယ်တွင်ပြုလုပ်သည့် ဓါးများလည်း ရောင်းကောင်းကြောင်း သိရသည်။
“ဟမ်းငိုင်းဒေသထွက် ဓါးတွေကတော့နာမည်ကြီးပေါ့။ သူကအသုံးခံတယ်။ သံကောင်းတယ်။ ဈေးလည်းကောင်းတယ်။ ဒီဇိုင်းလှတဲ့ ကချင်ပြည်နယ်ဘက်ကလုပ်တဲ့ ဓါးတွေလည်း ရောင်းကောင်းတယ်။ တောင်ယာလုပ်သူအတော်များများက ဒီဒေသက ဓါးတွေကို ဝယ်ယူအသုံးပြုကြတာများတယ်။” ဟု ဓါးရောင်းချသူတစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင် ဟမ်းငိုင်းဒေသထွက် ဓါးတစ်ချောင်းလျှင် သုံးသောင်းငါးထောင်ကျပ်ထိ ဈေးရှိပြီး တရုတ်နိုင်ငံလုပ်ဓါးနှင့် လားရှိုးဒေသထုတ်ဓါးများမှာ တစ်သောင်းကျပ်ဝန်းကျင်ခန့်သာ ဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)