ကမာရွတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကမာရွတ် ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်စန္ဒာမိုး က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမာရွတ်မြို့နယ်ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝဿန်မြတ်သင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမာရွတ်မြို့နယ် ဦးစီးမှူး ဒေါ်စိမ်းလဲ့၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အ-ထ-က(၂)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်‌ထက်ထက် တို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်သူ(၆)ဦးတို့က လူငယ်နှင့် ပညာရေး၊  လူငယ်နှင့် အားကစား၊  လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ အစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ကျောင်းသား၊ ကျောင်းသူ စုစု‌‌ပေါင်း( ၁၅၀) ဦး တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြ‌ကြောင်း သိရသည်။

စန္ဒာမိုး