မိုင်းရှူး သြဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုကို အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီနှင့် ကျန်းမာရေးဆရာမ ဒေါ်ဘီနူးတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)အောက် ကလေးငယ်မိခင်များကို မိခင်နှင့်ကလေးငယ်များ ကျန်းမာကြံ့ခိုင်စေရေးအတွက် အာဟာရမျှတရန် စားသုံးပေးစေလိုကြောင်းနှင့် အာဟာရမျှတမှုမရှိပါက ကျန်းမာရေးဆိုးကျိုးများ ရရှိစေကြောင်း ဟောပြောပြီး အင်အိုဒင်းစား၊ ကြက်ဥ၊ မုန့် စသည့် အာဟာရအစားအစာများနှင့် အိမ်သုံးဆပ်ပြာမုန့်များ ဝေငှပေးခဲ့သည်။
ထို့နောက် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက်(၂)နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့် ပုံမှန်ကာကွယ်ဆေးများကို စနစ်တကျ တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)