လှိုင်သာယာ(အနောက်ပိုင်း) ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမြင့်ဇော်က စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ယခုလိုဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် လူငယ်များအနေနဲ့စွမ်းဆောင်ရည်များမြင့်မားလာစေရန်၊ ကောင်းသောယှဥ်ပြိုင်မှုမှတစ်ဆင့် မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာ၊ ဗဟုသုတတွေကို စဥ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အနာဂတ်နိုင်ငံတာဝန်များကို ထမ်းဆောင်ကြမည့်စွမ်းရည်ထက်မြက်သည့် လူငယ်တွေပေါ်ထွက်လာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်စာရေးဆရာဌေးအောင်ဇော်(မြောင်းမြ)က အနာဂတ်လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဆန်းမင်းသိုက်(အရာတော်)က မြင့်မိုရ်တောင်မကကြီးမြတ်သောခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးသူရဇော်က မိဘကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကိုစတင်ခဲ့ရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးက မိဘကျေးဇူးခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမြင့်ဇော်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သိန်းနှင့် Book Club အဖွဲဝင်စာရေးဆရာဦးသူရဇော်တို့က ဆုရွေးခြယ်ရေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အ-ထ-က(၁၉)ကျောင်းအုပ်ဆရာမကြီးဒေါ် မြင့်မြင့်သိန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)