မောက်မယ် သြဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စမ်းသပ်ကွက်၊ စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လင်းခေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းက မိုးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စမ်းသပ်ကွက်၊ စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ရခြင်းအကြောင်းအရင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၃−၂၀၂၄ခုနှစ် မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စမ်းသပ်ကွက်၊ စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများက ယူရီးယားဓါတ်မြေ သြဇာများ အသီးသီးထောက်ပံ့ပေးအပ်ကာ တောင်သူများက လက်ခံရယူပြီး လင်းခေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းအေးက စိုက်ပျိုးရေးအသိပညာပေး မြေ၊ မျိုး၊ ပိုးဆိုင်ရာ အသိပညာပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ မျိုးကောင်းမျိုးသန့်အကြောင်းနှင့် မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ စိုက်နည်းစနစ်မှန်ကန်စေရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ကိုယ်စား ဦးစိုင်းအောင်နိုင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေသြဇာများကို စဉ့်ဝင်၊ စဉ့်ဆိုင်၊ နမ့်လွတ်၊ မိုင်းပုတ်၊ ဟိုလွိုင်ကျေးရွာအုပ်စုရှိ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)