မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

မန့်ဟီးရိုး ဩဂုတ်

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဝါတွင်းကာလတွင် အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ၊ ဆွမ်းဆန်လောင်းလှူပွဲများနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲများကို အမြို့မြို့အနယ်နယ် ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် ဒေသခံအလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန့်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က မန့်ဟီးရိုးမြို့၊ ဟိုလွမ်ဘုန်းတော်ကြီးကျောင်းတွင် ကပ်လှူပူဇော်ခဲ့ကြပါသည်။

ရှေးဦးစွာ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်လာသော မန့်ဟီးမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့်တကွ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ရပ်မိရပ်ဖများနှင့် ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များက ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး မန့်ဟီးရိုးမြို့၊ ဟိုလွမ်ဘုန်းတော်ကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်တော်မူကာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များနှင့် ရဟန်းအရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ ဆက်ကပ်လှူဒါန်းရခြင်း အကျိုးကျေးဇူးများကို နာကြားခံယူတော်မူခဲ့ကြပါသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များကို သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို  ကပ်လှူပူဇော်ခဲ့ကြပြီး နေ့ဆွမ်း၊ သစ်သီးနှင့် အချိုရည်တို့ကို ဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရှိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)