မိုင်းယန်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ အသက်(၁) နှစ်မှ(၁၅)နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့နာကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် အမှီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဟော်တိုက် ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံဆို့နာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ကာကွယ်ဆေး ထိုးနှံပေးရာတွင် မိုင်းယန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၁)နှစ်မှ (၁၅) နှစ်အတွင်း ကလေးငယ် စုစုပေါင်း (၁၉၆) ဦး အား အသက်အရွယ်အလိုက် ကာကွယ်ဆေးများကို အလှည့်ကျစနစ်ဖြင့် စနစ်တကျထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆုံဆို့နာရောဂါ ကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းယန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံအမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)