ပြည်ကြီးတံခွန် ဩဂုတ် ၄
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာဌားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်ရုံးများသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရွေ့လျားမော်တော်ယာဉ်ကိုအသုံးပြု၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများအား သုတ/ရသစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
(ခရိုင်၊ ပြန်/ဆက်)