မိုးမိတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တွင် ODK (Mobile Application) ဖြင့် အကျိုးခံစားသူ ကောက်ယူစာရင်းသွင်းခြင်းသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

မိုးမိတ်  အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် တွင် ODK(Mobile Application) ဖြင့် အကျိုးခံစားသူ စာရင်းသွင်းခြင်း သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန် က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များစာရင်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ကောက်ယူခဲ့ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တစ်လလျှင် ကျပ် (၁၅၀၀၀/-) နှုန်းဖြင့် ဧပြီလမှ စက်တင်ဘာလ အထိ စုစုပေါင်း (၉၀၀၀၀/-) အား ဩဂုတ်လအတွင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအားလုံးနှင့် ကိုယ်ဝန်ဆောင် မိခင်များအားလုံး အကျုံးဝင်မည် ဖြစ်ပြီး ကျန်ရစ်မှုမရှိစေရေးအတွက် သင်တန်းကို ဒုတိယအကြိမ် ထပ်မံဖွင့်လှစ် ရခြင်းဖြစ်သည်ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သူဇာသန်းက ပြောကြားသည်။

ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သူဇာသန်းနှင့် ဝန်ထမ်းများက ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ် အောက် ကလေးသူငယ်များအား  ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်မိတ်ဆက်နှင့် အဆိုပါအစီအစဉ်တွင် အသုံးဝင်သည့် အကျိုးခံစားသူများ စာရင်းကောက်ယူရာတွင် မှန်ကန်မြန်ဆန် စေရေးအတွက် ODK (Mobile Application) အသုံးပြုနည်းများကို မိုးမိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စာရေးဝန်ထမ်း (၃၁) ဦးအား (၄) ဖွဲ့ခွဲ၍ အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား (စည်သူဌေး)