မန့်ဟီးရိုးမြို့ရှိ ဒေသခံတိုင်းရင်းသားများသည် တနိုင်တပိုင် တို့ဟူးခြောက် ပြုလုပ်ရောင်းချ

မန့်ဟီးရိုး ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်အစပ်မြို့လေးဖြစ် သော မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားတို့သည် စိုက်မျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်လျက်ရှိကြပြီး ယခုကာလတွင် ဒေသရှမ်းစပါး(မိုးစပါး)စိုက်ပျိုးပြီးစီးပြီဖြစ်၍ မိမိတို့၏ စိုက်ပျိုးရေး လုပ်ငန်းခွင်နားချိန်၌ တနိုင်တပိုင် တို့ဟူးခြောက် ပြုလုပ်ရောင်းချလျက် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိပါသည်။

မန့်ဟီးရိုးမြို့ရှိ ဒေသခံတိုင်းရင်းသားတို့သည် မိုးစပါး စိုက်ပျိုးပြီးစီးချိန်တွင် မိမိတို့နေအိမ်တွင် အားလပ်ချိန်၌ တို့ဟူးခြောက်များပြုလုပ်လျက် မန့်ဟီးရီုးမြို့၏ငါးရက်တစ်ကြိမ်ဈေးနှင့် အခြားသော မြို့နယ် ဈေးများအထိ လက်ကားဈေးဖြင့် တင်ပို့ရောင်းချလျက် ရှိပါသည်။ တို့ဟူးခြောက် ပြုလုပ် ရာတွင် ကုလားပဲမှုန့်အစိမ်းအား ပြစ်ချွဲ၍ စီးပိုင်းခဲပျစ်နေသည့်အထိကျိုကာ ရရှိလာသည့် တို့ဟူးရည်များကို စတီးလင်ပန်းအပြားများထဲသို့ ဖြန့်ထားပြီး အအေးခံကာ ခြောက်သွေ့သည်အထိ နေလှန်း ရသည်။ မိုးရာသီကာလတွင် တို့ဟူး ခြောက်ရရှိရေးအတွက် ခြောက်သွေ့အောင် နေလှန်းရာတွင် အထူးဂရုစိုက်ရပြီး တို့ဟူးခြောက်အား မခြောက်သွေ့ခင် မိုးထိသွားပါက မိုးနံ့စွဲကာ မှိုတက်တတ်သောကြောင့် ရောင်းပန်းမလှဖြစ်တတ်ပါသည်။ ထိုသို့ တို့ဟူးခြောက်များ ခြောက်သွေ့အောင် နေလှန်းပြီးပါက  ကပ်ကြေးဖြင့် ပုံမှန်အရွယ်အစားများ  အပြားလိုက်ကိုက် ကာ  လေလုံအိတ်တို့ဖြင့် ရောင်းပန်းလှအောင်ထည့်၍ မန့်ဟီးရီုးမြို့၏ ငါးရက်တစ်ကြိမ်ဈေးတွင် မြန်မာကျပ်ငွေ(၂၀၀၀) ကျပ်တန် အထုပ်များ၊ (၃၀၀၀)ကျပ်တန် အထုပ်များဖြင့် ရောင်းချလျက်ရှိပြီး စားသုံးသူဈေးဝယ် များအနေဖြင့် အလွယ်သင့် ကြော်စားနိုင်အောင် အချို၊ အစပ်စုံလင်စွာ ပြုလုပ်ရောင်းချလျက်ရှိ ကြောင်း တွေ့ရသည်။

“ကျနော်တို့ နေအိမ်အထိ လာဝယ်ရင်တော့ တို့ဟူးခြောက်ကို မြန်မာငွေ(၅၀၀)ကျပ်ဖိုး၊ (၁၀၀၀) ကျပ်ဖိုးအထိ ရောင်းပေးပါတယ်။ ဒီတို့ဟူးခြောက်လုပ်ငန်းက လယ်စိုက်ပြီးချိန် အပိုဝင်ငွေရအောင် ခနလုပ်ကြကြောင်း၊  လယ်အလုပ်လုပ်ချိန် ခဏနားလိုက်ကြောင်း၊ မန့်ဟီးရိုးဈေးတင်မဟုတ်ဖူး မူဆယ်မြို့ပေါ် ဈေးတွေအထိ ဖောက်သည်လက်ကားဈေးဖြင့် ရောင်းကြကြောင်း လယ်လုပ်ငန်းခနနားချိန် အပိုဝင် ငွေရော မိသားစုစားဖို့ရော ရတာပေါ့လို့”မန့်ဟီးရိုးမြို့၊တို့ဟူးခြောက်ပြုလုပ်သော ဒေသခံတိုင်းရင်း သားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မန့်ဟီးရိုး(ပြန်/ဆက်)